မန္တလေးနည်းပညာတက္ကသိုလ်
သုတေသနကျင့်ဝတ်ကော်မတီ
သုတေသနအဆိုပြုလွှာများ လျှောက်ထားခြင်းဆိုင်ရာ လမ်းညွှန်ချက်များ
၁။ မန္တလေးနည်းပညာတက္ကသိုလ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဉီးစီးဌာန၏ သာမန်အသုံးစရိတ်စာရင်းမှ သုတေသနစရိတ်အတွက် ခွင့်ပြုသော သုတေသနရံပုံငွေဖြင့် ဆောင်ရွက်မည့် သုတေသနအဆိုပြုလွှာများ လျှောက်ထားနိုင်ရန် ဖြစ်ပါသည်။
၂။ မန္တလေးနည်းပညာတက္ကသိုလ်မှ ဦးစားပေးသုတေသနနယ်ပယ် အဖြစ် သတ်မှတ် ထား သော အောက်ဖော်ပြပါ လုပ်ငန်းနယ်ပယ်များအတွက် သုတေသနအဆိုပြုလွှာများ တင်သွင်းရန် ဖြစ်ပါသည်။
(က) Energy (ခ) Environment (ဂ) ICT (ဃ) Agriculture (င) Health
၃။ မန္တလေးနည်းပညာတက္ကသိုလ်ရှိ သင်ကြားရေးနှင့်သုတေသနဌာနများမှ ဆရာ၊ ဆရာမ များ၊ သုတေသီများ၊ ကျောင်းသား၊ ကျောင်းသူများ ဆောင်ရွက်မည့် Group Project များ လျှောက် ထားနိုင်ပြီး၊ အဆိုပြုသုတေသန၏အဖွဲ့ခေါင်းဆောင် Principal Investigator (PI) သည် မန္တလေးနည်းပညာတက္ကသိုလ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ များ၊ သုတေသီများ ဖြစ်ရပါမည်။ အခြားပူးတွဲသုတေသီ Co-researchers များအဖြစ် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆောင်ရွက်နိုင်ပါသည်။
၄။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဉီးစီးဌာနမှ သုတေသနရံပုံငွေ ရရှိမှုအပေါ် မူတည်၍ သုတေသနအဆိုပြုလွှာများအား မန္တလေးနည်းပညာတက္ကသိုလ် သုတေသနကျင့်ဝတ် ကော်မတီ (Ethical Research Committee) မှ အောက်ဖော်ပြပါ သတ်မှတ်ချက် (Criteria) များဖြင့် ရွေးချယ်ဆောင်ရွက်ပါမည်။
Criteria | Score |
Relevance to Research Theme Area | 10 |
Impact (To the university, private sector, industry, or regional level) | 10 |
Research Design and Methodology | 10 |
Sustainability, Cross-sectorial Issues, Multidisciplinary Research | 10 |
Appropriateness (Schedule and Budget) | 10 |
TOTAL | 50 |
၅။ ပဏာမ ရွေးချယ်ခံရသည့် သုတေသနအဖွဲ့များအနေဖြင့် မိမိတို့ ဆောင်ရွက်လိုသည့် သုတေသန လုပ်ငန်းစဉ်အား PowerPoint Presentation ပြုလုပ်၍ ရှင်းလင်းပြောကြားရမည် ဖြစ်ပါသည်။
၆။ မန္တလေးနည်းပညာတက္ကသိုလ်ရှိ မေဂျာ/ဘာသာရပ် မတူညီသော ဌာနများ အချင်းချင်း သုတေသနပူးတွဲဆောင်ရွက်မှုအား တိုက်တွန်းအားပေးသည့်အနေဖြင့် Multidisciplinary research ဆောင်ရွက်ရန် အဆိုပြုသည့် အဆိုပြုလွှာများအား ဦးစားပေး သုတေသနများအဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။
၇။ လျှောက်ထားလိုသူများသည် ပူးတွဲပါ Research Grant Proposal Template အား အသုံးပြု၍ လျှောက်ထားနိုင်ပါသည်။
၈။ သုတေသနရံပုံငွေရွေးချယ်ခြင်းခံရသည့် သုတေသနအဖွဲ့သည် Detail Budget Plan, Work Plan များအား ပါမောက္ခချုပ်ထံသို့ ထပ်မံတင်ပြရမည်ဖြစ်ပြီး ပါမောက္ခချုပ်ထံမှ ခွင့်ပြုမိန့်ရရှိပါက မန္တလေးနည်းပညာတက္ကသိုလ်၊ ငွေစာရင်းဌာနမှ သုတေသနရန်ပုံငွေအား နှစ်ကြိမ်ခွဲ၍ ထုတ်ယူ ရမည် ဖြစ်ပါ သည်။
၉။ သုတေသနကာလသည် ယေဘူယျအားဖြင့် တစ်နှစ် ဆောင်ရွက်နိုင်ပြီး၊ ဘဏ္ဍာရေးနှစ် ကုန်ဖြစ်သော စက်တင်ဘာလ နောက်ဆုံးအပတ် နောက်ဆုံးထား၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
၁၀။ ဆောင်ရွက်သည့် သုတေသနလုပ်ငန်း၏ ပြီးစီးမှု အစီရင်ခံစာ (Progress Report)အား (၄)လ တစ်ကြိမ် Ethical Research Committee သို့ တင်ပြရမည်ဖြစ်ပြီး၊ သုတေသနကာလ ပြီးဆုံးပြီး နှစ်ပတ်အတွင်း သုတေသနရလဒ်များအား Ethical Research Committee သို့ Presentation ဖတ်ကြားရမည်ဖြစ်ပါသည်။
၁၁။ သုတေသနဆောင်ရွက်ပြီးစီးသည့်အခါ၌ ဘဏ္ဍာရေးနှစ်နှစ်ကုန် စာရင်းမချုပ်မီ အသုံးပြု ခဲ့သည့် သုတေသနရန်ပုံငွေ စာရင်းရှင်းတမ်းများအား ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် အညီ တိကျစွာ ဆောင်ရွက်ရမည် ဖြစ်သည်။
၁၂။ ခွင့်ပြုသည့် သုတေသန ရံပုံငွေများအား သုတေသနကျင့်ဝတ်ကိုက်ညီစွာဖြင့် ဆောင် ရွက်သည့် သုတေသနလုပ်ငန်းတွင်သာ အသုံးပြုရန် ဖြစ်ပါသည်။
၁၃။ ဆောင်ရွက်သော သုတေသနများအားလုံးသည် မန္တလေးနည်းပညာတက္ကသိုလ်၊ သုတေ သနကျင့်ဝတ် ကော်မတီမှ ရေးဆွဲသတ်မှတ်ထားသော “ကျင့်ဝတ်များနှင့်အညီ သုတေသန ဆောင်ရွက်ခြင်း” ပါ အချက်အလက် များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
၁၄။ သုတေသနပြီးဆုံးသည်အချိန်၌ သုတေသနရလဒ်များကို စာတမ်းများရေးသား၍ ဂျာနယ် များ၌တင်သွင်းခြင်း/ကွန်ဖရင့်များဖတ်ကြားခြင်း ပြုလုပ်၍ အဆိုပါ သုတေသန ဂျာနယ် စာတမ်းအား မန္တလေးနည်းပညာတက္ကသိုလ်၏ Research Repository တွင် ဖော်ပြရမည်ဖြစ်ပြီး၊ စာတမ်းများ မထုတ်ဝေနိုင်ပါကလည်း ထိုသုတေသနရလဒ်အား Grey Literature အဖြစ် Research Repository တွင် ထည့်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
၁၅။ သုတေသနသည် မန္တလေးနည်းပညာတက္ကသိုလ်မှ စီမံခန့်ခွဲသော နိုင်ငံတော် ဘဏ္ဍာငွေ ဖြင့် ဆောင်ရွက်သည့်အတွက် သုတေသနရလဒ်များအား Commercialization ပြုလုပ်ရန် အခြေ အနေပေါ်ပေါက်လာပါက မန္တလေးနည်းပညာတက္ကသိုလ်မှ ခွင့်ပြုချက်ရယူဆောင်ရွက် ရမည် ဖြစ်ပါသည်။