
- This event has passed.

“ကျောက်ပန်းတောင်းမြို့နယ် နွေရာသီ’အ’သုံးလုံး လုပ်အားပေးအတွက် MTU တို့ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်”
အားလုံးအတွက် ဒေသန္တရဗဟုသုတနှင့်ပညာရေးကုသိုလ်ပြုနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ… ပညာရေးဝန်ကြီးဌာနရဲ့ အမျိုးအသားအဆင့် ပညာရေးလှုပ်ရှားမှု လုပ်ငန်းတစ်ခုဖြစ်တဲ့့ နွေရာသီ ‘အ’ သုံးလုံးစဉ်၊ ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းစဉ်မှာ MTU ကကျောက်ပန်းတောင်းမြို့နယ်မှ ကျေးလက်ဒေသများသို့ ပါဝင်ခွင့်ရခဲ့ပါတယ်…။
အလွန်မွန်မြတ်ကောင်းမွန်တဲ့ ပညာဒါနပြုခြင်းတစ်မျိုးဖြစ်ပြီး လိုက်ပါခွင့်ရမယ့် Volunteers ကျောင်းသားများအနေနဲ့လည်း ရတောင့်ရခဲအခွင့်အရေးတစ်ခုပေါ့..။
စာသင်ချိန်က တစ်နေ့မှ (၃)နာရီပဲဖြစ်တဲ့အတွက် လိုက်ပါမယ့်ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ကျေးလက်နေပြည်သူတွေရဲ့ဘဝကို အနီးကပ်လေ့လာခွင့်ရမယ် ၊ ကျေးလက်သဘာဝတွေကို ထိတွေ့ခံစားခွင့်ရမယ်၊ အချင်းချင်းရင်းနှီးချစ်ခင်မှုတွေနဲ့ အဖွဲ့အစည်းအလိုက် လုပ်ဆောင်တတ်တဲ့ အတွေ့အကြုံတွေ ရရှိနိုင်ကြမယ်…။
**မြန်မာနှစ်သစ်ကူး အခါသမယဖြစ်တဲဲ့ သင်္ကြန်ချိန်ခါမှာတော့ ကျောက်ပန်းတောင်းမြို့နှင့် အနားတစ်ဝိုက် လည်ပတ်လိုပါက လိုက်လံပို့ဆောင်ပေးမယ့် ကျေးလက်မြို့နယ်အစီအစဉ်လဲရှိပါတယ်…။
အစီအစဉ်အားလုံး အစအဆုံးကို ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ဖွင့်ပွဲနဲ့ပိတ်ပွဲအခမ်းအနားကိုတော့ ညောင်ဦးမြို့မှာ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်…။ နိုင်ငံအဆင့် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ပေးသွားမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချူပ် တို့ တက်ရောက်ကြမှာဖြစ်ပါတယ်…။
လုပ်အားပေး ကျောင်းသား၊ကျောင်းသူများနှင့် လိုက်ပါကြီးကြပ်မည့် ဆရာ၊ဆရာမများအနေနှင့် နေရေးထိုင်ရေး၊ သွားရေးလာရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် စားရေးသောက်ရေး အားလုံးကို သက်ဆိုင်ရာဌာနများက ပါဝင်ကူညီပံ့ပိုး ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ…။ မိမိတက္ကသိုလ်မှ လုပ်အားပေးလိုက်ပါလိုတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ ့ဆန္ဒပြုလွှာများ ဖြည့်စွက်ပေးရန်လိုအပ်ပြီး ယင်းကာလအတွင်း Industrial Training ဆင်းမည့် ကျောင်းသား၊ကျောင်းသူများအား သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်…။
စာသင်ဝိုင်း(၁၀)ဝိုင်း ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးအတွက် ကြီးကြပ်ဆရာမ(၁)ဦး လိုက်ပါရမှာဖြစ်ပါတယ်…။လုပ်အားပေးတစ်ဦးချင်းစီအတွက် နေ့တွက်စရိတ် တစ်ဦးလျှင်(၃၀၀၀)ကျပ်နဲ့ ရက်(၄၀)အတွက် (၁၂၀၀၀၀)ကျပ် ထောက်ပံ့ပေးပါမယ်…။
လုပ်အားပေးကာလကတော့ (၁၀.၀၄.၂၀၁၉)ရက်နေ့မှ (၁၉.၀၅.၂၀၁၉)ရက်နေ့အထိ ဖြစ်ပါတယ်…။
သက်ဆိုင်ရာ ဦးစီးဌာနမှ မန္တလေးနည်းပညာတက္ကသိုလ်သို့အကြိုဆရာဖြစ်သင်တန်း(၃)ရက် သင်တန်းလာရောက်ပို့ချမှာဖြစ်ပြီး ခန့်မှန်း (၆/၇/၈-၀၄-၂၀၁၉)ရက်နေ့တို့တွင် လာရောက်ပို့ချပေးမည်ဖြစ်ပါတယ်…။
***ဆန္ဒရှိသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသားရေးရာဌာန ဦးမျိုးပိုင်စက် (မော်ကွန်းထိန်း) ထံသို့ (19.03.2019)နောက်ဆုံးထား၍ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါရန် နှိုးဆော်အပ်ပါတယ်…